June 17, 2008

အုန်းထမင်းနဲ့ ကြက်သားဟင်း

ကျွန်မ(ကျမ)တို့အဖွဲ့ရဲ့ လက်ကိုင်ဆောင်ပုဒ်လေးကတော့...
***"အိပ်ခြင်းသည်အား... စားခြင်းသည် အသား... စာကျက်ခြင်းသည် အလကား"*** တဲ့...
အိပ်နေချိန်များလာမနှိုးပါနဲ့... ရန်သူဖြစ်သွားနိုင်ပါတယ်... အစားဆိုရင်လည်း အားလုံးရဲ့အားနဲ့ ဝိုင်းဖြိုလိုက်ကြတာ အက်ဆစ်နဲ့... ငရဲမီးနဲ့ စားသွားသလိုပါပဲ... စာဆိုရင်တော့ ဝေရာမဏိပါ... တတ်နိုင်သမျှဝေးဝေးက ရှောင်ပါတယ်...
ဇန်နဝါရီလက ကျမတို့ အဖွဲ့ထဲက တစ်ယောက် ဘရူနိုင်းနိုင်ငံကို သွားရပါတယ်... ကျမတို့က သူပြန်လာတာနဲ့ ဝိုင်းညှဉ်းဆဲကြဖို့ ပါးစပ်ပြင်ထားကြပါတယ်... ဒါပေမယ့်... သူက အကြောင်းကြောင်းတွေကြောင့် မကျွေးသေးပဲ နေပါတယ်...
ကဲ... စဉ်းစားကြည့်ကြပါဦး... ပါးစပ်ပြင်ထားတဲ့ သူတွေ ဘယ်လောက်သနားဖို့ကောင်းလိုက်သလဲဆိုတာ... ဒီလိုနဲ့ပဲ... (၆)လ လောက်ကြာတဲ့ အချိန်မှာ အားလုံးမျှော်လင့်ထားတဲ့ နေ့ကို ရောက်လာပါတယ်... သူက အုန်းထမင်းနဲ့ ကြက်သားဟင်းကျွေးမယ်တဲ့... အားလုံးက ပျော်ကြတာပေါ့... အုန်းထမင်းနဲ့ ကြက်သားစားရချည်သေးရဲ့ပေါ့... သူက ရွာထဲက ကြက်သားမှာလိုက်ပါတယ်... နောက်နေ့ကျ ကြက်သားပါလာပါတယ်... ကြက်က ကိုင်တော့ ကိုင်ထားပြီးသား... ဒါပေမယ့် အကောင်လိုက်ပါ... မခုတ်ရသေးပါဘူး...
ရှုပ်ပါတယ်... အကောင်လိုက်ပဲကြော်စားကြစို့ဆိုတော့... သူက ချက်မယ်တဲ့... ဈေးကားနဲ့ အုန်းသီးမှာလိုက်တယ်တဲ့... အဲလိုနဲ့ပဲ သူက ကြက်သားဟင်းချက်လိုက်ပါတယ်... နေ့လည်စာကို ကြက်သားဟင်းနဲ့ စားလိုက်ကြပါတယ်... တော်တော်လေးစားကောင်းပါတယ်... အုန်းထမင်းကတော့ အုန်းသီးရ မရ မသိသေးလို့ အကောင်အထည်မပေါ်သေးပါဘူး... အုန်းထမင်းနဲ့စားဖို့တော့ ကြက်သားဟင်းတွေ ကျန်နေပါသေးတယ်...
ညနေမှာတော့ ဈေးကားနဲ့ အုန်းသီး (၂) လုံးပါလာပါတယ်... အဲဒီမှာ ပြဿနာစတာပါပဲ... အုန်းသီးက အလွယ်တကူ ခြစ်လို့ရတဲ့ စင်းလုံးချောလေးမဟုတ်ပါဘူး... အုန်းဆံဖတ်တွေ အများကြီးနဲ့ပါ... လက်နဲ့ ဆွဲခွာတော့လည်း အားအရမ်းစိုက်ရပါတယ်... ထင်သလောက်ခရီးမပေါက်ပါဘူး... ထော်လာဂျီမောင်းတဲ့ ဦးလေးက သနားသော အားဖြင့် ဓါးမတစ်လက်ငှားခဲ့ပါတယ်...
ဒီမှာတော့ holy တို့က လာထား... အုန်းသီးကို အေးအေးဆေးဆေးခွဲတတ်တယ်ဆိုပြီး... ဓါးမကို ကိုင်လိုက်တယ်... ပြီးတော့ ပြောပါတယ်... "ငါက အုန်းဆံဖတ်ရှင်းပြီးသား စင်းလုံးချော အုန်းသီးကိုပဲ ခွဲတတ်တာတဲ့..." အဲလိုပြောပြီး အုန်းဆံဖတ်ရှင်းလင်းရေးဆက်လုပ်နေပါတယ်...
ကျမနဲ့ ထနောင်းက အုန်းဆံဖတ်တွေ ဆွဲခွာရတယ်... အုန်းသီးကို လက်နဲ့ ဖိလိုက် ခြေထောက်နဲ့ ကန်လိုက်နဲ့ ခွာလိုက်ကြတယ်... နောက်ဆုံးတော့လည်း အောင်မြင်သွားပါတယ်... အဲဒီအခါကျတော့... အုန်းရေခံပြီးသောက်လိုက်ကြတာပေါ့... ဘယ်ဟာမှာ အလဟဿ အဖြစ်မခံနိုင်ဘူးလေ... အုန်းသီးက အသားတော်တော်ထူပါတယ်...
အဲဒီအချိန်မှာ... အုန်းသီးခြစ်ဖို့ အခြစ်(ချစ်)ကျွမ်းတဲ့ ကာ(အင်းဝ)က မောင်းတင်ပြီးထွက်လာပါတယ်... ဘယ်မှာလဲ အုန်းသီးခြစ်ဖို့ ခြစ်(ဂျစ်)... ဘေးဘီကို ကြည့်လိုက်တော့ သင်္ဘောခြစ်(စိန်ခလုတ်)ကို သွားတွေ့ပါတယ်... ကျမက အဲဒါနဲ့ခြစ်လိုက်လို့ ပြောတော့ ကာ(အင်းဝ)က မဖြစ်လောက်ဘူး... အဖတ်တွေရလာရင် အုန်းရေညှစ်ဖို့မလွယ်လောက်ဘူးတဲ့... မလွယ်ရင် ခြစ်ပြီးသားတွေ ပြန်ထောင်းပြီးမှ ညှစ်တာပေါ့ဆိုတော့ အားလုံးသဘောတူကြတယ်... ခြစ်ဖို့အတွက် အုန်းသီးအသားလေးတွေပဲရအောင် holy က ကြိုးစားပါတယ်... ဓါးနဲ့ အုန်းသီးက အင်အားမမျှရှာဘူး... သူ့ခမျာ Balance ညီအောင် မနည်းညှိပြီး လုပ်နေရရှာတယ်...
ကာ(အင်းဝ)က ခြစ်... မယ်ကမ္ဘာက ထောင်းပါတယ်... ခမ်းကြာမှုန်ကတော့ Heineken Beer ပုလင်းဖုံးနဲ့ ခြစ်ပါတယ်... တစ်ကယ်လိုများ Heineken Beer ပုလင်းဖုံးတွေများများရှိရင် ကာ(အင်းဝ)နဲ့မယ်ကမ္ဘာလည်း အေးဆေးခြစ်ရုံပါပဲ... အခုတော့ တစ်ခုကိုတောင်မနည်းရှာထားရတာပါ...
ကျမလည်း ရှိဦးမလားဆိုပြီး ဟိုရှာ ဒီရှာထပ်ရှာပါတယ်... မြန်မာပြည်ဖြစ် Soju ပုလင်းဖုံးလေးတစ်ခု သွားတွေ့ပါတယ်... အဖုံးလေးက ကချူကချာလေးပါ... ကျမလည်း အားကျမခံ Soju ပုလင်းဖုံးလေးနဲ့ ခြစ်ပါတယ်... ကျမခြစ်နေတုန်း Soju ပုလင်းဖုံးလေးက အစွမ်းပြပါတော့တယ်... အဖုံးက အစိမ်းရောင်လေးပါ... အဖုံးလေးရဲ့ စွမ်းအားကြောင့် အုန်းသီးဖတ်ကလေးတွေက အစိမ်းရောင်ပြောင်းလဲသွားပြီး သူကိုယ်တိုင်ကတော့ အရောင်မဲ့သွားရှာပါတယ်...
ခြစ်ပြီးသွားတော့ ကာ(အင်းဝ)က အုန်းရည်ညှစ်ပါတယ်... အုန်းသီး(၂)လုံးဆိုတော့ အရည်တော်တော်များများရပါတယ်... holy က ဆန် (၄) လုံးနဲ့ ချက်မယ်ဆိုတော့ ကျမက ဆန်ဆေးပေးလိုက်ပါတယ်... holy က စချက်ပါတော့တယ်...
ဒါပေမယ့်... ထမင်းပေါင်းအိုးက မလိမ္မာဘူး... အိုးကျပ်လို့ ထမင်းကို နပ်အောင်ချက်မပေးနိုင်ဘူး... ဆန်က အစေ့လိုက်တွေဖြစ်နေတယ်... ဒါကြောင့် ရေထပ်ထည့်တယ်... အဲဒါလည်း မနပ်နိုင်ဘူး... ကဲ... ဒီလောက်တောင် ခေါင်းမာတဲ့ ထမင်း တစ်ဝက်စီခွဲနှပ်ရအောင်ဆိုပြီး... တစ်ဝက်ခွဲထုတ်လိုက်တယ်... ရေထပ်ထည့်တယ်... နှပ်တယ်... မနပ်ဘူး... ပေါင်းအိုးခလုတ်တက်သွားတယ်... ပြန်ဖိတယ်... ထပ်နှပ်တယ်... ခေါင်းမာတဲ့ ထမင်းတွေ အပေါ်အောက် ပြောင်းဆန်အောင် ကြောက်ပါပြီအော်တဲ့အထိ မွှေနှောက်ပစ်လိုက်တယ်...
ည (၈)နာရီ ခွဲသွားပြီ... ဗိုက်တွေလည်း အရမ်းဆာနေကြတယ်... အုန်းသီးနံ့... အုန်းရည်နံ့... အုန်းထမင်းနံ့တွေ နှိပ်စက်လို့ ခေါင်းတွေလည်း မူးနေကြပြီ... ကျမတို့ အားလုံးက အုန်းထမင်းကို အရမ်းမျှော်လင့်ထားခဲ့ကြတာပါ... (၆)လလောက် မျှော်လင့်ခဲ့ရတာပါ... ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ရှာပါဘူး...
နောက်ဆုံးတော့လည်း အုန်းထမင်းက ဘယ်လောက်ပဲ ခေါင်းမာ ခေါင်းမာ... holyfriends တို့ရဲ့ ဝါးမြိုခြင်းခံလိုက်ရရှာတယ်... မနပ်နိုင်တဲ့ အုန်းထမင်းလေးကို ဝိုင်းသနားလိုက်ကြတာများ... holyfriends တို့ တစ်ဖွဲ့လုံး စောစောအိပ်ရာဝင်လိုက်ကြရတဲ့ အထိပါပဲ...


ငွေဒေါင်းဖြူ

1 comment:

Anonymous said...

အုန်းသီး ၂လုံးနဲ့ဆန်၎ဗူးဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့... ၂၄ နာရီလောက်မူးသွားတယ်.. နောက်နေ့မနက်ထိကိုမူးတာ.. အခုလဲ အုန်းနို့ခေါက်ဆွဲစားချင်သေးတယ်.. ဒီတခါအားသွားရင်ချက်စားကြရအောင်နော်... သဘူတောရင်လက်ခုပ်တီးအားပေးပါ....