June 17, 2008

ကာရန်များ

ကာရန်(၁)
သူမကိုယ်သူမတော့ အလှဆုံးလို့ သတ်မှတ်ထားတယ် ထင်ပါတယ်...
ကျွန်မ(ကျမ) တို့ကတော့ သူမ အလှဆုံးနေပြီလို့ ယူဆကြတယ်...
သူမက ကျမတို့ အဖွဲ့မှာ အကြီးဆုံးလေ...
အိပ်ပုတ်လည်း ကြီးတာပါပဲ...
တစ်ခါတစ်လေ သူ့ရည်းစားနဲ့ voice call ပြောရင်း အိပ်ပျော်သွားတတ်သေးတယ်....
(ဟိုဘက်က လူကတော့ သူငြိမ်ပြီးနားထောင်နေတယ် ထင်မှာပေါ့...) အစားဆိုရင်လည်း လာခဲ့... ဆန်တစ်အိတ်နဲ့ ဆိတ်တစ်ကောင်လောက်တော့ အသာလေးပဲ...အသံကလည်း အရမ်းနားဝင်ပီယံရှိတာ... တစ်ခါ သူ voice call ပြောရင်းထအော်လိုက်တာ ကျမတို့ ကျန်တဲ့လူတွေ လိပ်ပြာလွင့်သွားလို့ ကလူကလူနဲ့ လိပ်ပြာပြန်ခေါ်ရတဲ့ အထိပဲ...
ဒါပေမယ့် သူမမှာ အရမ်းချစ်စရာကောင်းတဲ့ အချက်တစ်ချက်ရှိတယ်...
အဲဒါကတော့ သူမက ကျမတို့ အားလုံးရဲ့ ဘဏ်တိုက်ကြီးပါ...
(သူမ အားအရမ်းကြီးတဲ့ အကြောင်းတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)

ကာရန်(၂)
သူမကိုယ် သူမ ဂျပန်မနဲ့ တူသတဲ့...
သူမက ကျွန်မတို့ အဖွဲ့ရဲ့ နံပါတ်တစ် အိပ်ပုတ်ကြီးတဲ့သူပါ...
မျက်မှန်ကတော့ ပါဝါ ၃၀၀ကျော်တပ်ထားရတယ်...
ကဗျာတွေနဲ့ သီချင်းတွေကို အရမ်းကြိုက်တယ်...
လူပုံစံကတော့ ခပ်တည်တည်ပဲ...
သူမ မျက်နှာပေါ်က ခံစားချက်တွေက တစ်သတ်မတ်တည်းပဲ...
သိပ်အပြောင်းအလဲ မရှိဘူး...
အဲ... သူမ သက်ဝင်လှုပ်ရှားလာတဲ့ တစ်နေရာရှိတယ်...
အဲဒါကတော့...
ကင်မရာရှေ့ရောက်သွားလို့ကတော့... အလိုအလျောက်ပဲများသွားတတ်ခြင်းပါပဲ...
သင်က ကင်မရာမင်း(န်)ဆိုရင်တော့...
သူမရဲ့ ပဲလေးတွေကို မှန်ဘီလူးက တစ်ဆင့်ကောင်းကောင်းမြင်ရမှာပါ...
သူမရဲ့ ချစ်စရာကောင်းတဲ့ အချက်ကတော့ ကျမတို့ အဖွဲ့ရဲ့ စိတ်ရှုပ်စရာကောင်းတဲ့ စာရင်းအင်းအားလုံးကိုင်ပေးခြင်းပါ...
(သူမရဲ့ ကမ္ဘာကျော်ဖြစ်ရပ်တစ်ခုကိုတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)

ကာရန်(၃)
သူမကိုယ် သူမကတော့ ရုပ်ဆိုးပေမယ့် ဆွဲဆောင်မှုရှိတယ်လို့ ခဏခဏ ပြောတတ်တယ်...
အပြောချိုရင် အရာအားလုံးကို ဖမ်းစားနိုင်တယ်လို့ ထင်မှတ်ထားတဲ့သူ...
ကမ္ဘာပေါ်မှာ ကျမ မခံစားနိုင်ဆုံးအသံကတော့...
သူမ voice call ပြောတဲ့ အချိန်မှာ ထွက်ပေါ်လာတတ်တဲ့ ရယ်သံပါပဲ...
အဲဒီအချိန်မှာ ခံစားရတဲ့ ကျမရဲ့ ခံစားချက်ကို ဘာနဲ့ နှိုင်းပြရမှန်းကို မသိတော့ပါဘူး...
သူမ မဖြစ်ချင်ပါဘူး မလုပ်ချင်ပါဘူး မကြိုက်ပါဘူးလို့ ပြောတဲ့ အချက်တွေက...
သူမ အမှန်တကယ် ဖြစ်လာသော၊ တကယ်တမ်းလုပ်ဖြစ်သော...
ကျိန်းသေပေါက် ကြိုက်ဖြစ်သွားသော အချက်တွေပါပဲ...
ပြီးတော့ ဆရာကြီးလုပ်ချင်တာလည်း လွန်ပါရော...
ကျမတို့ သိချင်တဲ့ အချက်အလက်တော်တော်များများလည်း သူမမှာရှိနေတတ်တယ်...
ရွှီးကလည်း အရမ်းရွှီးတတ်တာ... ရုပ်တည်နဲ့ တကယ်ဟုတ်သလိုပေါ့...
ွှရွှီးပုံများပြောပါဦးမယ်...
ဟိုအဆိုတော်မလေး ကြိုးကြာကို ဥသြဆိုပြီးရွှီးချလိုက်တဲ့ အထိပဲ...
ကျမတို့ဝိုင်းအော်မယ့် အချိန်ကို မျှော်လင့်ပြီး သူမလုပ်နိုင်တာတွေလည်း လျှောက်ပြောတတ်သေးတယ်...
သူမရဲ့ချစ်စရာကောင်းတဲ့ အချက်ကတော့ သူများပြောသမျှစကားတွေကို သည်းခံနားထောင်ပေးတတ်ခြင်းပါပဲ...
(သူမရဲ့ ကျူကျူစိန်ဖြစ်ရပ်တွေကိုတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)


ကာရန်(၄)
သူမကိုယ် သူမ မှန်ကြည့်ပြီး ငါတော်တော်လှပါလားလို့ ပြောတတ်တယ်...
အင်တာနက်ကနေ ဇာတ်ကားတွေ download လုပ်ပြီး တစ်နေကုန် ထိုင်ကြည့်နေတတ်တယ်...
အသံအားကိုးနဲ့ အရာအားလုံးကို ဖြေရှင်းတတ်တဲ့သူ...
ကဂျီကဂျောင်များပြီး...လူတွေနဲ့ သိပ်မအပ်စပ်တဲ့သူ...
စုတ်တီးစုတ်ပြတ်နဲ့ မျက်နှာမသစ်ခင် နံနက်စာ စားတတ်သေးတယ်...
အဝတ်တွေလည်း ပုံထားပြီး ဝတ်စရာမရှိတော့မှ လျှော်တတ်တယ်...
လျှော်ပြီးရင်လည်း မီးပူတိုက်ဖို့ကို စိတ်ကူးထဲမထည့်ဘူး...
နမော်နမဲ့နိုင်လွန်းလို့ ခဏခဏတိုက်မိခိုက်မိတတ်သေးတယ်...
သူမအော်ရင် ရယ်ရင် အားလုံးနားမခံနိုင်လို့ နားကို ခဏဖြုတ်ထားချင်မိကြတယ်...
သူမရဲ့ ချစ်စရာကောင်းတဲ့ အချက်ကတော့ တစ်ခုခု လိုအပ်လာရင် မရှက်တမ်း ချေးပေးငှားပေးတတ်ခြင်းပါပဲ...
(သူမရဲ့ အော့ကြောလန်စရာ အချက်ကလေးတွေတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)

ကာရန်(၅)
သူမကိုယ် သူမ ချစ်စရာအကောင်းဆုံးလို့ ထင်မှတ်ထားပါတယ်...
အားလုံးရဲ့ အမြင်မှာတော့ ဗလအကောင်းဆုံးလူပါ...
သူမကတော့ အလွန်ချေး(ဂျီး)များပါတယ်...
အကောင်းဆုံးတွေကို သဘောကျတတ်ပါတယ်...
ရွေးလွန်းလို့ အပျိုကြီးဖြစ်ရမယ်ဆိုရင် သူမထိပ်ဆုံးကပါမှာပါပဲ...
အငြင်းလည်း အရမ်းသန်ပါတယ်...
ကမ္ဘာ့ အငြင်းပြိုင်ပွဲလုပ်ရင် ပလက်တီနမ် တံဆိပ်ရမယ့်သူပါ...
တစ်ခါတစ်လေတော့လည်း အရမ်းယုံလွယ်လွန်းတယ်...
သူများက စနောက်ပြောတာတွေကိုလည်း အတည်မှတ်နေတတ်ပါတယ်...
သူမရဲ့ ချစ်စရာကောင်းတဲ့ အချက်ကတော့ ချော့မော့ပြောဆို အကူအညီတောင်းရင် အပြည့်အဝကူညီတတ်ခြင်းပါပဲ...
(သူမရဲ့ စိတ်ကြီးပုံနဲ့ ဂဂျိုးဂဂျောင်ဖြစ်ရပ်တွေကိုတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)

ကာရန်(၆)
သူမကိုယ် သူမပြုံးအလှပိုင်ရှင်လို့ ယူဆထားပုံပါပဲ...
ကျမတို့ကတော့ ခင်သန္တာသက်ချိုပြုံးလို့ပဲ မြင်ပါတယ်...
စိတ်ကူးတည့်ရာ လျှောက်လုပ်တတ်ပါတယ်...
ပြီးရင် ကြာရှည်မလုပ်ပါဘူး... ကောက်ရိုးမီးလိုပါပဲ...
စကားကတော့ အရမ်းကြွယ်ပါတယ်... တစ်ခါတစ်လေတော့ သူများကို ဂရုမစိုက်ပဲ လုပ်ချင်တာတွေလျှောက်လုပ်တတ်ပါတယ်...
ကိစ္စတစ်ခုကြုံလို့ အားလုံးပေါက်ကွဲကြချိန်မှာ သူမကတော့ အေးဆေးပါပဲ...
အဲ... အားလုံးအေးဆေးသွားရင်တော့ သူမက အနာဟောင်းကို တုတ်နဲ့ဆွပြီး ဒေါသူပုန်ထတော့တာပါပဲ...
သူမရဲ့ ချစ်စရာကောင်းတဲ့ အချက်ကတော့ သူမ စိတ်ကူးပေါ်လာချိန်မှာ အားလုံးအတွက် အစစအရာရာ လုပ်ပေးတတ်ခြင်းပါပဲ...
(သူမရဲ့ အီစီကလီသံနဲ့ ဖုန်းအကြာကြီးပြောတတ်တဲ့ အကြောင်းတော့ ထည့်မပြောတော့ပါဘူး... အားနာလို့)

***ကာရန်တွေရဲ့ ထူးခြားချက်ကတော့ အချင်းချင်း အော်ဟစ်ပြီး ရန်ပွဲတွေ တဂျိမ်းဂျိမ်း
နွှဲတတ်ခြင်းပါပဲ...***

ငွေဒေါင်းဖြူ

1 comment:

Anonymous said...

ရက်စက်ပါဘိကွယ်.. အခုဆိုတို့ကို လည်လည်ခေါ်ဖို့လူရှိလောက်တော့ဘူး..
ဘဲဘဲကလဲလန့်နေလောက်ပြီ..
ပို့စ်လေးကတော့ အရမ်းဖတ်လို့ကောင်းပါတယ်..
ဘရာဗို..